ဖယောင်းတိုင် လေးတိုင် ဖြည်းဖြည်းခြင်း တောက်လောင် နေကြတယ်။ သူတို့ ၀န်းကျင်မှာတော့ အလွန် တိုးညှင်းတဲ့ အသံလေးတွေဟာ ကြားနိုင်ရုံလောက်ပဲ ပြန့်လွင့်နေတယ်။ ပထမ ဖယောင်းတိုင်က ပြောတယ်။ “ကျုပ်က ငြိမ်းချမ်းခြင်းလေ၊ ဒါပေမယ့် ကျုပ် ဆက်ရှင်သန်အောင် ဘယ်သူမှ မထိန်းနိုင်ပါဘူး။ ကျုပ် မီးတောက်က ငြိမ်းတော့မယ် ထင်တာပဲ”
(အမှန်ပါပဲ။ အဲဒီ မီးတောက်က အလျှင်အမြန်ပဲ မှိန်မှိန် လာရာက နောက်ဆုံးလုံးဝ ငြိမ်းသွားပါတော့တယ်။)
ဒုတိယ ဖယောင်းတိုင်က ခုလိုဆိုတယ်။ “ယုံကြည်မှု ဆိုတာ ကျုပ်ပေါ့။ အားလုံး နီးပါးလိုပဲ ကျုပ်လည်း မရှိ မဖြစ် ဆက်မဖြစ် နိုင်တော့ပါဘူး။ ဒါကြောင့် ဒီထက်ကြာကြာ နေရမယ်လို့လည်း မထင်တော့ပါဘူး။
(သူပြောပြီးတယ် ဆိုရင်ပဲ လေပြည်လေး အသာတိုးဝှေ့ တိုက်ခတ်လိုက် တာသူလည်း ငြိမ်းသွားတော့တယ်။)
ဝမ်းနည်းပန်းနည်းနဲ့ တတိယ ဖယောင်းတိုင်ကလည်း သူ့အလှည့်မှာ ပြောလာပြန်တယ်။ ကျွန်ုပ်က အချစ်လေ။ သိတယ် မဟုတ်လား။ ကျုပ်လည်း ဆက်ပြီး လင်းလက်ဖို့ အင်အား မရှိတော့ပါဘူး။ လူတွေက ကျုပ်ကို မေ့ထား လိုက်ကြတယ်။ ကျုပ်ရဲ့ အရေးပါပုံကိုလည်း နားမလည်ကြဘူး။ သူတို့ရဲ့ အနီးဆုံးမှာ ရှိနေတဲ့ သူတွေကို တောင်မှ မေတ္တာထားဖို့ မေ့တတ်ကြတာ လူတွေပဲလေ။ နောက်တော့သူလည်း ဆက်မတောက် နိုင်တော့ဘဲ ငြိမ်းသွားတယ်။ ဗြုန်းကနဲ ကလေးတစ်ယောက် အခန်းထဲ ရောက်လာတယ်။ ဖယောင်းတိုင် သုံးတိုင် မီးမတောက် နိုင်တော့တာကို သူတွေ့သွားတယ်။
ဘာလို့ ခင်ဗျားတို့ ဆက်မလင်းကြတော့တာလဲ။ ခင်ဗျားတို့ကို ကုန်သွားတဲ့အထိ တောက်မယ်လို့ ထင်ထားတာ အဲဒီလိုပြောပြီး အဲဒီကလေးဟာ ငိုပါလေရော။ အဲဒီမှာ စတုတ္ထ ဖယောင်းတိုင် ဆီက အသံထွက်လာတယ်။ ကောင်လေး မစိုးရိမ်ပါနဲ့။ ငါရှိတယ်။ ငါမီးတောက်ရှိနေသရွေ့ ဒီပြင် ဖယောင်းတိုင်တွေကို ပြန်လင်းအောင် ထွန်းပေးနိုင်တယ်။ “ငါဟာ မျှော်လင့်ခြင်းပဲ။’’
ကောင်လေးရဲ့ မျက်လုံလေးတွေ ဖျက်ခနဲ လက်သွားတယ်။ ရွှန်းလဲ့တောက်ပတဲ့ မျက်လုံးတွေနဲ့ နောက်ဆုံး လက်ကျန် ဖယောင်းတိုင်ကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ဆက်ခနဲ့ ယူပြီး ဒီ့ပြင် ဖယောင်းတိုင် တွေကို ထွန်းညှိလိုက်တယ်။ သင့်ဘ၀မှာ မျှော်လင့်ခြင်း မီးတောက်ဘယ်တော့မှ ပျောက်မသွားပါစေနဲ့။ ဒါမှ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်းမေတ္တာတရားတွေကို ကျွန်မတို့ ဆီကနေ ပျောက်မသွား အောင် ကိုယ်စီကိုယ်ငှ ထိန်းသိမ်းစောင့်ရှောက်နိုင်မှာလေ။
ဒါကြောင့် မျှော်လင့်ခြင်း ဖယောင်းတိုင် လေးလိုပဲ ကျွန်မလိုပဲ ကျွန်မရဲ့ သူငယ်ချင်းများလည်း ဇွဲမလျှော့ဘဲ နိမ့်ချီတစ်ခါ မြင့်ချီတစ်လှည့်နှင့် ဘ၀ဆိုတဲ့ ခရီးကြမ်း လမ်းတလျှောက်မှာ အခက်အခဲ မှန်သမျှကို ကြိုးစားဖြေရှင်းပြီး မိမိလိုရာ ရည်မှန်းချက် ပန်းတိုင်ကို လျှောက်လှမ်းရင်းနဲ့ အောင်မြင်ဖြစ်ထွန်းတဲ့ လူသားတွေ ဖြစ်ကြပါစေလို့ ကျွန်မ စိတ်ဆန္ဒ အရင်းခံနှင့် ဆုတောင်းပေးပါတယ်။ ဒီမျှော်လင့်ခြင်း ဖယောင်းတိုင်ဆိုတဲ့ စာပိုဒ်လေးဟာ စာရေးဆရာ ဘုန်းခေါင် ရေးထားတဲ့ စာအုပ်ထဲမှ ကျွန်မဖတ်ရ၍ မှတ်မိသလောက် ကျွန်မသူငယ်ချင်းများ သိအောင် ရေးသား တင်ပြထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment